အဆိုး အကောင်း ခေါင်းထဲပေါ်လာသမျှ ချရေးထားတာမို့ “မျက်စိပိတ် နားပိတ် ဖင်လန်မှာ အဆင်ပြေတာပဲကြားချင်တယ် အဆင်မပြေရင် နင်တို့ပြန်လာခဲ့လေ” ဆိုပြီး ကပ်သပ်ပြောချင်တဲ့သူတွေဆို ဒီပို့စ်ကိုဆက်မဖတ်ပါနဲ့။
ကျမ nursing vocational school တက်ဖို့ Agentနဲ့လာပြီး မိသားစုလိုက်ဒီကိုရောက်တာ တစ်နှစ်ရှိပါပြီ… ၅နှစ်ကလေးနဲ့ ယောကျာ်းနဲ့ပါ။
Agent နဲ့လာတာ ဘယ်လောက်ကုန်လဲ ဘယ်လိုလမ်းကြောင်းလဲ ဘာညာစသဖြင့်ကတော့ တခြားသူတွေလည်း အတော်များများပြောပြပြီးသားမို့ ရှာဖတ်ကြပါ။
မလာခင်တည်းက ဖင်လန်မှာအလုပ်ရဖို့မလွယ်ဘူး နယ်မြို့တွေဆိုပိုအလုပ်ရှားတယ်သိပြီးသားမို့ ငွေကြေးအလုံအလောက်ယူခဲ့ပါတယ် ( ယူရို ၃ သောင်းနီးပါးပါ) စုဆောင်းထားသမျှ အကုန်နီးပါး။ ကိုယ့်နိုင်ငံမှာလည်း လှည့်ကြည့်စရာဘာမှမရှိတော့လို့ ဘုရင့်နောင်ဖောင်ကြီးကြီးကို ဖျက်ခဲ့တာပါ။ အေးဂျင့်ဖိုး+ဗီဇာဖိုး+လေယာဉ်လက်မှတ်ဖိုးတွေက သပ်သပ်ပါ။
စရောက်ရောက်ချင်းတော့ ကိုယ်ရောက်တဲ့အချိန်ဟာလည်း ဒီမှာစိမ်းစိုလှပ အသာယာဆုံးဆိုတဲ့ နွေရာသီမို့လို့ မြင်မြင်သမျှ လန်းဆန်းတက်ကြွစရာ… Honeymoon Stage ကသူတွေ ရေးသလိုပါပဲ။
Nursing professional ကလာတာမို့ စာတွေကဘာမှမခက်ပေမယ့် ဘာသာစကားကခက်တာမို့ အတော်တိုင်ပတ်ပါတယ်.. ဆရာမတွေပြောသမျှ သဘောတရားလေးနားလည်ဖို့တောင် အတော်မလွယ်တာပါ။ စာမေးပွဲထက် kotitehtävä ( assignment)တွေလုပ်ရတာမို့ study credit 1 point ရဖို့ကိုတောင် အတော်အချိန်ပေးလုပ်ရပါတယ်
အလုပ်လက်တွေ့ ( internship) ဆင်းတဲ့အချိန်ပြီးရင်တော့ credit တွေ အများကြီးပေးပါတယ်။
ဖင်လန်မှာ primary education ကနေ စပြီး မတက်မနေရ Free ပညာရေးဆိုပေမယ့် ကျမကလေးကတော့ päiväkoti/ kindergarten ပဲပို့ရတဲ့အရွယ်မို့ တော်တော်နဲ့ကျောင်းမရပါဘူး.. အမေကကျောင်းတက်နေပေမယ့် အဖေက အိမ်မှာရှိနေသေးလို့ ကလေးကြည့်နိုင်တာမို့ ကျောင်းမပေးတာပါ.. ကလေးအဖေကလည်း အလုပ်ထွက်လုပ်/ ဘာသာစကားကျောင်းတက်ဖို့ကို DVV register ကမကျသေး ဘဏ်ကတ် tax card ဘာမှမရှိသေးတဲ့အချိန်မို့ အိမ်မှာပဲရှိနေတာပါ.. အဲ့ဒါတွေရဖို့ ၂-၃လကြာသလို ရပြီးလည်း အလုပ်ရဖို့လွယ်မသွားပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားကိုလည်း ကျောင်းရှာ/အလုပ်ရှာပေးတဲ့ TE office မှာ ရောက်တည်းက register တင်ထားပါတယ်။
အဖေအိမ်မှာရှိနေသေးလို့ ကလေးကျောင်းမရသေးပေမယ့် အားမလျှော့ပဲ ရှိရှိသမျှမူကြိုကျောင်းတွေပတ်သွား ကျောင်းအုပ်တွေနဲ့သွားတွေ့ online application formတွေရော paper form တွေရော မျိုးစုံတင်ပြီးတဲ့အချိန်မှာ အိမ်နဲ့ ၁၀ မိနစ်လောက်ပဲ လမ်းလျှောက်ရတဲ့ကျောင်းမှာ ကလေးကျောင်းတက်ခွင့်ရသွားပါတယ်။
ကျောင်းစရိတ်ဖရီး၊ ကျောင်းမှာ breakfast, lunch, snack ၃ နပ်ကျွေး၊ ကျောင်းတွင်း activities တွေက indoor / outdoor အစုံမို့ ကလေးလည်းကျောင်းအရမ်းပျော်ပါတယ်.. ကလေးငယ်ရင် päiväkoti ရဖို့ နဲနဲခက်/စောင့်ရပေမယ့် အသက်ငယ်တုန်းရောက်လေ ကလေးနေသားကျဖို့ ပိုလွယ်လေပါ။
အမျိုးသားလည်း DVV registration approved ကျပြီးတဲ့အချိန် TE ရုံးရဲ့ စီစဉ်ပေးမှုနဲ့ Immigrants တွေအတွက် ဖွင့်ပေးတဲ့ Language School တက်ခွင့်ရပါတယ် Finnish ကို A0 level ကစပြီး B1ပြီးတဲ့အထိ ၂နှစ်သင်ပေးတာပါ.. ကျောင်းလခဖရီး နေ့လည်စာပါကျွေးပါတယ်။
ဒီလိုပဲ ကျောင်းတက်လိုက် မိသားစုနဲ့သွားလိုက်စားလိုက် နေနေရင်းပဲ ဆောင်းရာသီကိုတဖြေးဖြေးရောက်လာ အချိန်တွေလည်းကြာလာတာနဲ့အမျှ လင်မယားနှစ်ယောက်လုံး အလုပ်ကလည်းရှာလို့မရသေးတဲ့အချိန်မှာ စိတ်ဓာတ်တွေအတော်ကျလာတာ အမှန်တရားပါ။ ( ဒါတောင် နောက် ၁-၂နှစ်စာလောက် သုံးမယ့်စရိတ် ကျမတို့လက်ထဲမှာ ကျန်ပါသေးတယ်).. အလုပ်ဆိုတာလည်း သန့်ရှင်းရေး/ ကားမောင်း/ ပန်းကန်ဆေး စတဲ့ အောက်ခြေသိမ်းအလုပ်တွေပါမကျန် တွေ့သမျှအကုန်ရှာ လျှောက်တာတောင် အင်တာဗျူးကိုမခေါ်တဲ့အဆင့်ပါ။
မိသားစုအသုံးစရိတ် တစ်လယူရို ၁၀၀၀ ကျော်ဝန်းကျင် ကိုယ့်အိတ်ထဲကပဲ ကိုယ်စိုက်သုံးခဲ့ရတာပါ ( သွားရေးလာရေးအဆင်ပြေဖို့ ကားအဟောင်းလေးတစီးဝယ်ထားလို့ ကားဆီဖိုး insurance , road tax ဘာညာထပ်ကုန်ပါတယ်) ဆောင်းတွင်းဆို ကလေးအတွက်ရော အလုပ်၊ ကျောင်းသွားဘာညာရော အဆင်ပြေအောင် ကားလေးတစီးလောက်တော့ရှိမှ အဆင်ပြေမှာပါ။
ဆောင်းတွင်းအရမ်းအေးလို့ ကားဆီတွေခဲ ကားစက်နှိုးမရဖြစ်တာတွေ မြင်မြင်သမျှနှင်းဖြူဖြူကြီးတွေပဲမို့ လမ်းကွေ့တွေ ချိုင့်တွေမမြင်ရတော့ပဲစမ်းတဝါးဝါးမောင်းရတာတွေ တအားမှောင်လွန်းတာတွေ အခက်အခဲမျိုးစုံပါပဲ..
ဆောင်းရာသီဆိုတာကလည်း တနေ့ကို ၆ နာရီလောက်ပဲ နေရောင်မြင်ရ .. မနက် ၉ နာရီမှ နေထွက် ညနေ ၂ခွဲ၃နာရီလောက်ဆိုနေဝင်.. -30လောက်ရှိတဲ့ အအေးချိန်နဲ့ အပြင်ပတ်ဝန်းကျင်ဆိုတာ အရာရာအေးခဲမှုန်မှိုင်းနေတာမျိုးပါ.. နေလုံးဝမထွက်တဲ့ နေ့တွေလည်းရှိပါတယ်။
ကံကောင်းချင်တော့ ကျမ အလုပ်လက်တွေ့ first internship ဆင်းပြီးတဲ့အချိန် အဲ့အလုပ်ကပဲကျမကို oppisopimus ပေးလို့ ရောက်ပြီး ၈ လအကြာမှာ full time အလုပ်ရသွားပါတယ်.. ကျောင်းကတော့ တပတ် ၁-၂ရက် ဆက်တက်ရအုန်းမှာပါ။
အလုပ်သဘောကတော့ အရာရာအောက်ခြေကပဲပြန်စတာမို့ သူနာပြုဘွဲ့ရ ကျမဆို Singapore licensed nurse အနေနဲ့ စလုံးကဆေးရုံမှာ လုပ်သက် ၁၀ နှစ်ကျော်.. ဆရာဝန်တွေ professor တွေကိုတောင် အလုပ်နဲ့ပက်သက်လာရင် ပြောဆိုငြင်းခုန်ဆွေးနွေးလုပ်လာတဲ့သူက ဒီမှာအောက်ခြေသိမ်း basic nursing care တွေပဲပြန်လုပ်ရပါတယ်.. လူနာတွေ -င်ဆေးတာကနေ တခါတလေ wardထဲက သန့်ရှင်းရေးသမား/ dishwasher တို့ခွင့်ယူတဲ့အခါမျိုးဆို သန့်ရှင်းရေး၊ ပန်းကန်ဆေး အိုးဆေးအထိ အကုန်ပျော်ပျော်ကြီးလုပ်ပါတယ်.. ပုံမှန် income၊ ကလေးပညာရေး၊ အနာဂတ်၊ ကောင်းမွန်တဲ့ပတ်ဝန်းကျင် စတာတွေနဲ့တင် အောက်ခြေသိမ်းလုပ်ရကျိူး ပင်ပန်းရကျိုးနပ်တယ်လို့ပဲ တွေးပါတယ်
ဘာသာစကားအခက်အခဲကတော့ ခုထိရှိတုန်းပါပဲ.. လုပ်ငန်းခွင်ထဲမှာ ဖင်းလူမျိုးအများစုက အေးဆေးသမား အပြစ်မတင်တတ်ကြသူတွေများပေမယ့် ပျင်းကြသူတွေလည်းများတာမို့ တခါတလေ ပိုပင်ပန်းတယ်လို့ခံစားရတဲ့အခါတွေလည်းရှိပါတယ်.. ကိုယ်မလုပ်လည်း တော်ရုံအပြစ်မတင်တတ်ကြပေမယ့် ကိုယ်တွေမှာဘာသာစကားကလည်း အားနဲတော့ အလုပ်နဲ့ပဲသက်သေပြနိုင်တာမို့ အလုပ်ပဲဖိလုပ်နေတာကလည်း တမျိုးကောင်းပါတယ်.. မတတ်သေးတာထက် လုပ်နိုင်တာကိုပဲ ချီးကျူးတတ်ကြတာ၊ အထက်ဖားအောက်ဖိတွေမရှိတာ၊ အထက်လူကြီးဆိုပြီး ပြာယာခတ်မျက်နှာလုပ်နေစရာမလိုတာတွေကတော့ စိတ်ချမ်းသာစရာပါ။
ကျမအမျိုးသားလည်း Summer job full time အလုပ်တခုရသလို ပုံမှန်လုပ်နေတဲ့ part time job တခုလည်း ရှိနေပါပြီ.. နွေရာသီပြီးတဲ့အချိန် သူ့ language school ကို B1ပြီးတဲ့အထိပြန်တက်မှာမို့ အဲ့အချိန် part time ဆက်လုပ်မှာပါ။
အဓိကပြောချင်တာက ကျမတို့လည်း ဒီလိုမျိုးအဆင်ပြေလာဖို့ ၈-၉လလောက်တော့ ရုန်းကန်တောင့်ခံခဲ့ရပါတယ်..
ကျမတို့အတူလာတဲ့သူတွေထဲ ကျမတို့လိုအဆင်ပြေသွားတဲ့သူတွေရှိသလို တစ်နှစ်ပြည့်ကာနီးအထိ ဘာအလုပ်မှမရသေးတဲ့သူတွေလည်း အများကြီးပါ။
အနဲဆုံးတော့ ၆လ-၁နှစ်စာသုံးမယ့်စရိတ် ယူလာနိုင်မှသာ အဆင်ပြေမှာပါ။
မိသားစုလိုက်လာမယ့်သူတွေ နောက်သတိထားရမှာတခုက vocational school အများစုက ကျောင်းသားဗီဇာ ၃ နှစ်ရပေမယ့် Family ties visa နဲ့ပါလာတဲ့ မိသားစုဝင်တွေက ဘာ ground နဲ့ပဲလာလာ စစချင်း Resident permit ၁ နှစ်ပဲပေးတာမို့ ၁ နှစ်မပြည့်ခင် ဗီဇာထပ်တိုးရပါတယ်..
အဲ့ကျရင် applicationပြန်တင်တဲ့အခါ Show money ကို လာတုန်းကလိုပဲ အကုန်ပြန်ပြရတာမို့ ဒီမှာသုံးဖို့ပိုက်ဆံအပြင် အဲ့အတွက်ပါပြင်ဆင်စုဆောင်းလာရမှာပါ.. နေခဲ့တဲ့တနှစ်အတွင်းလည်း ကလေးကျောင်းတက်နေလား အိမ်ထောင်ဖက်ကရော အလုပ်မရသေးသည့်တိုင် အလုပ်တွေရှာနေလား ဘာသာစကားကျောင်းတက်နေလား စသဖြင့် အကုန်ပြန်ကြည့်တာပါ.. ကိုယ့်ဘက်က ဒီမှာဆက်နေဖို့ ငွေကြေးရှိသေးတယ် အပေါ်ကပြောတာတွေလည်း တနှစ်အတွင်း ကြိုးစားလုပ်ကိုင်ခဲ့တယ်ဆိုတာမျိုးမှသာ ဗီဇာဆက်တိုးပေးဖို့ အလားအလာရှိတာပါ။
ကျမတို့ကတော့ အခါအခွင့်သင့်စွာနဲ့ တနှစ်မပြည့်ခင် full time အလုပ်ရသွားလို့ အဲ့အလုပ်စာချုပ်ရယ် pay slip တွေရယ် ကျမအမျိုးသား part time အလုပ်ရယ်နဲ့ပဲ Visa type A ပြောင်းတာရော မိသားစုဗီဇာသက်တမ်းတိုးတာရော အဆင်ပြေသွားပါတယ်.. full time အလုပ်မရသေးရင်တော့ Show money ကို မိသားစုရှိသလောက် အကုန်ပြန်ပြရမှာပါ။
အဲ့ဒါကြောင့် အခုပြောနေကြသလို ဒီကိုရောက်ရင်ပြီးရော ပြီးမှဘာဖြစ်ဖြစ်ဆိုတာမျိုးက အပြောလွယ်သလောက် တကယ်ဖြစ်လာရင် ဒုက္ခအကြီးကြီးပါ။
လိုတရတိုင်းပြည် နတ်ရေကန်မဟုတ်ပါ။
၆ လစာလောက် ငွေယူလာတာတောင် ၆ လတော်တော်ကျော်ပြီးလို့ အလုပ်မရသေးတဲ့သူတွေ နောက်နှစ်ဗီဇာသက်တန်းတိုးဖို့မပြောနဲ့ လက်ရှိသုံးဖို့တောင် အနိုင်နိုင် ဒုက္ခရောက်နေတဲ့ မိသားစုတွေလည်း ကိုယ့်မျက်စိရှေ့တင်ပါပဲ
နောက်ဆုံး asylum ခံလိုက်မယ် ဘာညာဆိုတာလည်း လေထဲတိုက်အိမ်ဆောက်တာမှ ပိုလွယ်ပါအုန်းမယ် Finland အစိုးရက ရောက်နှင့်နေပြီးသား နိုင်ငံပေါင်းစုံက refugee တွေကိုတောင် တာဝန်ယူဖို့ ခေါင်းခဲနေချိန်မှာ ကိုယ့်ကိုအလကားတင် မကျွေးထားတော့ပါဘူး။
student visa နဲ့လာတဲ့ တကိုယ်တည်းကျောင်းသားတွေတောင် လေဆိပ်မှာ show money စစ်တာမပြနိုင်လို့ ပြန်လွှတ်တာ ဖြစ်ရပ်မှန်ပါ။
ကိုယ့်ဘက်က နည်းမှန်လမ်းမှန်နဲ့ ဗီဇာသက်တန်းတိုးနိုင်ဖို့အပြင် တခြားကယ်ဆေးမရှိပါဘူး။
တချို့တွေပြောသလိုမျိုး အဲ့လောက်ငွေရှိနေမှတော့ UK US သွားလိုက်မယ်ဆိုလည်းသွားကြပါ.. Finland ဟာလည်း Sweden တို့ Norway တို့လို European Nordic country ဆိုတာလည်း မမေ့ပါနဲ့.. အာရှနိုင်ငံတွေမှာ အခြေချဖို့တောင် ဒေါ်လာထောင်ချီ သောင်းချီသုံးနေရချိန်မှာ Finlandလည်း သူ့အထွာနဲ့သူ ငွေလမ်းခင်းရပါတယ်။
ဗီဇာရဖို့လွယ်တိုင်း ပေါပေါပဲပဲလာလို့ရမယ် နေလို့ရမယ်လို့ မထင်ကြပါနဲ့နော်.. Show money ပြတဲ့အတိုင်း တကယ်ကုန်သလို တကယ်လည်းယူလာမှ၊ မိသားစုသမားတွေဆို တနှစ်ပြည့်လို့ ဗီဇာထပ်တိုးအခါ ဘဏ်ထဲမှာပါ show money အတွက်ကျန်နေမှသာ ရှေ့ဆက်ဖို့အဆင်ပြေမှာပါ။
ကြိုသိထားတဲ့အခက်အခဲတွေရော မထင်ထားတဲ့အခက်အခဲတွေရော အများကြီးရှိနေတာမို့ ရောက်ပြီးသူတွေက စေတနာထား အချိန်ပေးပြီး ဒါတွေတော့ ဒီလိုရှိတယ်.. ဒါတွေတော့ ပါလာမှအဆင်ပြေမယ် စသဖြင့် ပြောပြပေးနေတာတောင် မလာစေချင်လို့ အဆင်ပြေသွားမှာစိုးလို့ဆိုပြီး မကောင်းမြင် အပြစ်တင်နေကြတာလောက် ရုပ်ပေါက်တာမရှိပါဘူး။
အဆင်မပြေရင် ပြန်လာကြပါလားဆိုတိုင်း အဆင်မပြေသေးလည်း နောက်အဆင်ပြေသွားအောင် ရုန်းကန်နေကြသူတွေမို့ ပြန်လာဖို့လည်း စိတ်မကူးပါဘူး။
အခုပြောပြပေး sharing လုပ်ပေးနေသူအများစုဟာ ၂၀၂၂-၂၀၂၃ ဖင်လန်ဆိုတာ လူတွေအတော်များများမသိကြသေးခင် အေးဂျင့်ဖိုးအကုန်ခံ၊ Uniတက်သူတွေဆိုလည်း ကျောင်းစရိတ်တွေအကုန်ခံ၊ အလုပ်နဲ့လာတဲ့သူတွေဆိုလည်း အေးဂျင့်ဖိုးသောင်းချီပေး လာခဲ့ကြသူတွေများပါတယ်။ (ကျမတို့အပါအဝင်) အဲ့အချိန်တွေတုန်းကဆို အကုန်လုံးစမ်းတဝါးဝါးမို့ ဒီလိုမျိုး infoအကုန်ရတဲ့ဂရုတွေလည်းမရှိသေး YouTubeတွေ googleတွေကနေ ရှာဖွေလေ့လာ လမ်းဖောက်ပြီးရောက်ခဲ့ကြသူတွေပါ.. အခုမှလာတဲ့သူတွေထက် ပိုခက်ခဲတဲ့လမ်းတွေ လျှောက်ခဲ့ရတာပါ။
အဲ့ဒါကြောင့် တခုခုဆို ပြောကိုပြောပြရမယ် ကူကိုကူညီရမယ်ဆိုတဲ့တာဝန် ဘယ်သူ့မှာမှ ရှိမနေပါဘူးနော်။ အေးဂျင့်နဲ့ လာနည်း၊ အေးဂျင့်စရိတ်မကုန်ပဲ ကိုယ့်ဘာကိုယ်ကျောင်းလျှောက်နည်း၊ မိသားစုလိုက်လာနည်း၊ Uni လျှောက်နည်းဘာညာကနေ ဒီမှာကားဝယ်တာကအစ ဗူးခွံကောက်ပြီးရောင်းတာအဆုံး FBမှာပဲလွယ်လွယ်ကူကူ ရှာဖွေဖတ်လို့ရနေပြီဖြစ်တဲ့အချိန်မှာ….. ဘယ်ကစလုပ်ရမှန်းမသိလို့ ပြောပြကြပါအုန်းတို့ ကျမတို့မိသားစုလိုက်လာချင်လို့ ဘယ်လိုနည်းလမ်းတွေရှိပါလဲတို့ ကျောင်းမတက်ချင်ဘူးအလုပ်နဲ့ပဲလာချင်လို့ပြောပြပါတို့ဆိုတာတွေက မြင်တွေ့နေရတာ အတော်အဆင်မပြေပါဘူး။
နိုင်ငံအသစ် နေရာအသစ် culture အသစ်မှာ အခြေချမယ့်သူက အဲ့လောက်မှ self-study မလုပ်နိုင်ရင် ရေရှည်ရပ်တည်ဖို့အလွယ်ပါဘူး။
အေးဂျင့်တွေပြောတဲ့ ရောက်ရင်ပြီးရော။
အကုန်အဆင်ပြေတယ်ဆိုတာလည်း မယုံကြပါနဲ့ ။
အခုမှ ရောက်ကြသူတွေရေးတဲ့ သာယာလှပအဆင်ပြေသွားပြီဆိုတာတွေလည်း အားကျတာကျပါ နောက်ဆက်တွဲအခက်အခဲတွေကိုလည်း ချင့်ချိန်ပြင်ဆင်ပါ။
တယောက်နဲ့တယောက် ဘဝနောက်ခံ၊ လာရတဲ့အနေအထား၊ အသက်အရွယ်၊ ကံ၊ ဥာဏ်၊ ဝီရိယမတူလို့ ကျနော်ကျမတော့ လာသင့်/မလာသင့် သူများကိုမေးတာထက် ကိုယ့်ဘာကိုယ်လေ့လာဆုံးဖြတ်တာ အကောင်းဆုံးပါ။ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့်ဘာကိုယ်သာ တာဝန်အရှိဆုံးပါနော်။
written by ချော ငယ်
COMMENTS