ဒါကတော့ ဖင်လန်မှာ အိမ်ငှားဖို့ရှာနေသူတွေအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ မြန်မာအထာနဲ့ကွာတော့ ကိုယ်တိုင်လဲမလာခင်က ခက်ခဲခဲ့လို့ပါ။
အိမ်လိပ်စာအကြောင်းလေးက စပြောရပါမယ်။ ဥပမာ... Ida Aalbergin tie 1 A 5, 00400 Helsinki. လိပ်စာအပြည့်စုံဆို ဒီလိုရေးပါတယ်။ အဲ့မှာဆိုရင် ..Ida Aalbergin tie ( လမ်းနာမည် ) 1 (တိုက်နံပါတ်) A(ဝင်ပေါက်အမည်) 5 (အခန်းနံပါတ်) 00400 (စာတိုက်နံပါတ်) Helsinki (မြို့အမည်)
လမ်းနာမည်က တစ်နိုင်ငံလုံးမှာ တူတာရှိနိုင်တဲ့အတွက် လမ်းနာမည်နဲ့ စာတိုက်နံပါတ်တွဲလိုက်မှ Google map မှာရှာရတာ ပိုသေချာပါတယ်။ အဲ့နှစ်ခုသိယုံနဲ့ ကိုယ့်တည်နေရာအကြမ်းဖျဉ်းကြည့်လို့ရပါပြီ။ ကားဝယ်ဖို့အစီစဉ်မရှိသေးဘူးဆိုရင် အရင်စဉ်းစားရမှာက ကားဂိတ်နဲ့နီးလားဆိုတာပါ။ ကားအသွားများတာ၊ မြို့ထဲဦးတည်သွားတဲ့ကားများတာ .. ဒါတွေလဲ စဉ်းစားသင့်ပါတယ်။ ကလေးပါရင် နေ့ကလေးထိန်းကျောင်းတွေနဲ့ နီးမနီးစဉ်းစားသင့်ပါတယ်။ လမ်းလျှောက်အကွာအဝေးရရင် အဆင်ပြေပါတယ်။ လိုင်းကားနဲ့ဆိုလဲ တစ်ကြောင်းထဲရောက်မရောက်၊ ကားအသွားအလာများမများ စဉ်းစားသင့်ပါတယ်။ Google map မှာပဲ ဘတ်စ် အချိန်ဇယားကြည့်လို့ရပါတယ်။ နေရာအတော်များများမှာက လိုင်းကားအဆင်မပြေပါဘူး။ ကားအသွားလာကျဲပါတယ်။ မိသားစုလဲပါမယ်၊ မြို့လဲသေးမယ်ဆိုရင်တော့ ကားဝယ်လိုက်တာ ပိုအဆင်ပြေပါတယ်။ နောက်တစ်ခုက ဈေးဝယ်စင်တာတွေနဲ့ နီးမနီးပါ။ နေ့စဉ်သုံးပစ္စည်းတွေနဲ့ အစားအသောက်တွေ၊ ဟင်းချက်ဖို့တွေက ဘာလိုလို အဲ့ကိုပဲသွားဝယ်ရမှာပါ။ လမ်းထိပ်ကုန်စုံဆိုင် ဆိုတာမျိုးမရှိပါဘူး။
နောက်တစ်ခုက အခန်းဖွဲ့စည်းပုံပါ။ များသောအားဖြင့် လေးထောင့်စပ်စပ်တွေများပါတယ်။ studio room ဆိုတာက အခန်းသီးသန့်မကန့်ထားဘဲ တစ်ယောက်တည်းနေရင်သင့်တော်ပါတယ်။ share room ဆိုတာ ရေချိုးခန်း၊အိမ်သာ၊မီးဖိုချောင်ကို မျှဝေသုံးရတာဖြစ်ပြီး ကိုယ်ပိုင်အခန်းရှိပါတယ်။ ဈေးအသက်သာဆုံးပါပဲ။ အဲ့လိုအိမ်ကိုမှ အခန်းအားလုံးယူလိုက်တဲ့သဘောဆို မိသားစုနေလို့အဆင်ပြေပါတယ်။ အခန်းတွေပါမယ်၊ ဈေးလဲများသွားမယ်ပေါ့။ တိုက်ခန်းအကျယ်အဝန်းကိုတော့ square meters ( m2 ) နဲ့ပြောကြတယ်။ မြင်သာအောင်ပြောရရင် ပေ ၂၀ ပါတ်လည်အခန်းက 37 m2 ပါ။ ပေ ၂၀ ပေ ၄၀ ပါတ်လည်ဆို 74 m2 ပါ။ ဒါဆို ဖင်လန်ရဲ့ အထပ်မြင့်တိုက်ခန်းတွေထဲမှာ ပျမ်းမျှ ကြီးတယ်လို့ပြောလို့ရပါတယ်။ အိမ်ခန်း ၂ ခန်း၊ ဧည့်ခန်း ၁ ခန်း၊ ရေချိုးခန်း၊ မီးဖိုခန်း ပါတဲ့တိုက်ခန်းဆို 3h,kph,kt လို့ပြောကြပါတယ်။ ကျန်တာတွေကတော့ စဉ်းစားတဲ့နေရာ မှာသိပ်အရေးမကြီးပါဘူး။ floor plan ကြည့်ငှားရင်တော့ အတော်အဆင်ပြေပါတယ်။ လေဝင်လေထွက်နဲ့ အပူပေးစက်တွေကလဲ အခန်းတိုင်းမှာရှိတော့ ရန်ကုန်မှာလို မွန်းကြပ်တယ်လို့မခံစားရပဲ သက်သောင့်သက်သာရှိကြပါတယ်။
အရင်ဆုံးလုပ်သင့်တာကတော့ ကျောင်းတွေကပေးတဲ့အဆောင်ကို ရှာငှားသင့်ပါတယ်။ ကျောင်းနဲ့နီးမယ်၊ ဈေးသက်သာမယ်၊ ကျောင်းသားပတ်ဝန်းကျင်ဖြစ်မယ်ပေါ့။ အပေါ်ကပြောတဲ့အချက်တွေတွက် အပြည့်စုံဆုံးဖြစ်အောင် လုပ်ပေးထားတတ်တယ်။ ဘတ်စ်ကား၊ နေ့ကလေးထိန်းကျောင်း၊ ဈေးဝယ်စင်တာတွေက အဲ့ပတ်ဝန်းကျင်မှာရှိနေတတ်တယ်။ များသောအားဖြင့် စက်တင်ဘာလက တက္ကသိုလ်ကျောင်းစတက်တဲ့လဆိုတော့ ဂျူလိုင်.. ဩဂုတ်ကစလို့ အခန်းတွေအပြိုင်ငှားကြရတဲ့လတွေပေါ့။ အချို့ဆို အခန်းမကျန်မှာစိုးလို့ လူမရောက်သေးလဲ တစ်လစာကြိုပေးပြီး ငှားထားရပါတယ်။
ကျောင်းသားအခန်း မကျန်တော့ဘူးဆိုရင်တော့ private housing တွေကနေငှားရပါမယ်။ ခုပြထားတဲ့ အသုံးများတဲ့ sites တွေမှာရှာပြီးငှားလို့ရပါတယ်။ အချို့က location map နဲ့လဲကြည့်ပြီးငှားလို့ရတော့ ရှာရတာ အများကြီးအဆင်ပြေပါတယ်။
1. Oikotie
2. Vuokraovi
3. SATO
4. Lumo
Search engine မှာ ဒီစာတွေနဲ့ရှာပါ။ .fi နဲ့ဆုံးတတ်ပါတယ်။ Site မှာ Eng လိုပြောင်းလို့ရပေမယ့် အချို့ကျ အကုန်မမြင်ရတော့ပါဘူး။ Chrome browser မှာ တန်းပြီး translate လုပ်ကြည့်တာပိုအဆင်ပြေပါတယ်။ ငှားပုံငှားနည်းတွေနဲ့ ၊ သတ်မှတ်ချက်တွေကတော့ အမျိုးမျိုးပဲမို့ ကိုယ်တိုင်ပဲလုပ်ကြည့်ပါ။ အရင်ပို့စ်တွေမှာပြောခဲ့ဘူးသလို ဒီမှာစီးပွားရေးလုပ်တာက အိမ်ရှင်တွေ၊ အိမ်ငှားကုမ္ပဏီတွေအနေနဲ့ ပွင့်ပွင့်လင်းလင်းလုပ်ရတော့ အိမ်ငှားခ လိမ်ခံထိမှာတွေ၊ ဂျင်းမိမှာတွေ ပူပန်ရတာ အတော်သက်သာပါတယ်။ အများဆုံး ယုံကြည်လို့ရပါတယ်။ စာချုပ်ထဲရေးထားတဲ့အချက်တွေ သေချာမဖတ်ရင်တော့လဲ ခံရဖို့ဆို ပြေးမလွတ်ပါဘူး။ ဥပမာ.. အချို့က ၁ လချင်းငှားလို့ရတယ်၊ အချို့က လပိုင်းရသေးတယ်၊ နှစ်ချုပ်ဆို ကိုယ့်ဘက်ကဆက်မငှားဖြစ်တော့ဘူးဆို စပေါ်ငွေဆုံးမှာပါ။
အချုပ်ဆိုရရင်တော့ စစချင်းပဲ ခက်ခဲတာပါ။ နောက်အသားကျသွားရင် ခုရေးထားတာတွေက ဘာမှမဟုတ်တော့ပါဘူး။ ရှာရင်းဖွေရင်း သိသွားကြမှာပါပဲ။ ရောက်ရောက်ချင်းကိုလဲ အဆင်ပြေကြပါစေဗျာ။
Written by Zaw Ye Tun
https://www.facebook.com/share/p/yTMZMqjzY4NUG96f/
COMMENTS